mixxt

Sign up here for free!

Welcome to mixxt!

ဝိပဿနာ တရားသင်တန်း အမေးအဖြေများ

link this post written on 14/09/2011
  • To top

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္န ဖြေကြားတော်မူသော ၀ိပဿနာ တရားသင်တန်း အမေးအဖြေများ

 

(မေး)။ ။ ကိုယ်နဲ့ခန္ဓာ ခွဲခြားကြည့် နိုင်ရမယ်ဆိုတာ နားလည်အောင် ရှင်းပြပါ။

(ဖြေ)။ ။ ကိုယ်ဆိုတာက ခြေဖျားက ဆံဖျားတိုင်အောင် တစ်ကိုယ်လုံးကြီးကို ခေါ်တာ။ ကိုယ့်ကိုကြည့်နေရင် လျောင်း၊ ထိုင်၊ ရပ်၊ သွား၊ လှုပ်ရှား၊ တည်ငြိမ်နေတဲ့ အမူအရာတွေကို မြင်မယ်။ ပုံပန်းသဏ္ဌာန် အရောင်အဆင်းတွေ ကိုတွေ့မယ်။ ပကတိမျက်စိနဲ့မြင်လို့ရတယ်။ မြင်ပြီးရင် ထပ်မြင်နေရင်လည်း ဒီကောင်ကြီးက မပြောင်းလဲပါဘူး။ အမူအရာတွေသာ ပြောင်းလဲနေတယ်။

ခန္ဓာဆိုတာက ကိုယ်ကောင်ကြီး ဖွဲ့စည်းထားမှု အခြေခံရုပ်သဘော၊ နာမ်သဘောတွေကိုခေါ်တာ။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတွေကို တွေ့ရင်လဲ ဖောက်ပြန်ပြောင်းလဲတာ တွေ့မယ်။ မတည်မြဲတာတွေ့မယ်။ ပုံပန်းသဏ္ဌာန်၊ အရောင်းအဆင်းမပါပဲ ဓမ္မသဘောသက်သက်ကိုသာသိမယ်။ ပကတိမျက်စိနဲ့ မမြင်နိုင်ဘူး။ မြင်ပြီးရင် မြင်နေရင်လဲ ပြောင်းလဲတဲ့ သဘောပဲတွေ့မယ်။ မြင်ဆဲခဏမှာကိုပဲ ပြောင်းလဲတဲ့ သဘောပဲ ရှိတယ်လို့ သိမြင်နိုင်တယ်။

ရေစီးဆင်းနေတဲ့ မြစ်တစ်စင်းကိုတွေ့ဖူးမှာပေါ့။ မြစ်ကိုကြည့်ရင် မြစ်ရဲ့အကျယ်၊ အကွေ့အကောက်၊ အရောင်အဆင်း၊ ပုံသဏ္ဌာန်တွေကို မြင်နေရတယ်။ ခုကြည့်လဲ ဒီမြစ်၊ ဒီပုံစံ၊ မပြောင်းလဲဘူး။ တကယ်လို့သာ စီးဆင်းနေတဲ့ရေကို ဂရုစိုက်ကြည့်ရင် တသွင်သွင်စီးနေတဲ့ သဘော၊ ရွေ့ နေလှုပ်ရှားနေတဲ့သဘောတွေကို တွေ့မယ်။ မြစ်တစ်စင်းရဲ့ပုံစံကို ဂရုမပြုမိတော့ဘူး။ စီးသွားတဲ့ရေဟာ နောက်တစ်ခါပြန်မစီးတော့ဘူး၊ အသစ်အသစ်သာ ထပ်စီးသလို၊ ရုပ်ခန္ဓာ နာမ်ခန္ဓာတွေလည်း ဖြစ်သွားပြီးရင် ဒီခန္ဓာတွေ ပြန်မဖြစ်တော့ဘူး။ အသစ်အသစ် ခန္ဓာပဲ ထပ်ဖြစ်တယ်လို့ အသိညာဏ် ပေါ်နိုင်တယ်။

ရေစီးဆင်းမှုကိုပေါင်းစပ်ပြီး မြစ်လို့ခေါ်သလို ဖြစ်ပျက်ခန္ဓာတွေ ပေါင်းစပ်ပြီး ကိုယ်လို့ခေါ်တာပါ။ ခန္ဓာရဲ့ဖောက်ပြန်တဲ့ သဘောနဲ့ ကိုယ်ကောင်ကြီးရဲ့ တည်ငြိမ်လှုပ်ရှား အမူအရာတွေရဲ့ သဘောဟာ ကွဲကွဲပြားပြား သိသာနိုင်ပါတယ်။

ဉာဏ်နဲ့ကြည့်ရင် ကိုယ်နဲ့ခန္ဓာ ခွဲခြားသိလာမယ်။

 

(၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် အတွဲ(၁၀)၊ အမှတ်(၁၀)၊ အပ္ပမာဒ မဂ္ဂဇင်း) မှ ကူးယူထုတ်နုတ်ဖော်ပြပါသည်။

  • Statistics: 1 Posts | 0 Visits